Tuesday, May 26, 2009

မျက်ဝန်းတစ်စုံရဲ့ ဒိုင်ယာရီ ( ဝတ္ထုတို )

စာမျက်နှာ (၁)

တောက်ပသော မျက်ဝန်းတစ်စုံက လူကိုသေစေနိုင်ခဲ့တယ်.....။ (ခိုင်မင်းခ)

စာမျက်နှာ (၂)

ပြည်ဂျီတီအိုင် ကျောင်းရှေ့ကို သူ ပထမဆုံး ခြေစုံရပ်သည့်နေ့မှာ သူ့အသက် ၁၉ နှစ် ပြည့်သောနေ့ဖြစ်သည်။
သူ့ကို ဘယ်သူကမှ မသိသလို ဘယ်သူကမှလဲ ခရီးဦးကြို မပြုကြပါ။
ဘယ်သူကမှ မသိသောကြောင့် ဘယ်သူကမှလဲ မွေးနေ့လက်ဆောင် မပေးကြပါ။
သို့သော်...အဲဒီနေ့က သူ့ဘဝကို အပြီးအပိုင် ပြောင်းလဲစေခဲ့သော မွေးနေ့လက်ဆောင်တစ်ခု သူ အမှတ်မထင် ရခဲ့သည်။ ထိုမွေးနေ့လက်ဆောင်မှာ......

စာမျက်နှာ (၃)

ကျောင်းသားရေးရာရှေ့မှာ လူတွေများလှသည်။
အားလုံးက ကိုယ့်အာရုံနဲ့ကိုယ်မို့ လူတွေကို မနည်းရှောင်ကာ သူ ရှေ့တိုးဖို့ ကြိုးစားသည်။
ဒီလူအုပ်နဲ့ဆိုရင် ဒီနေ့ ကျောင်းတက်ဖို့ အချိန်ရှိပါအုံးမလား.....။
သူဒီနေ့မှ ရောက်၍ ဒီနေ့မှ ကျောင်းအပ်ရခြင်းဖြစ်သည်။
ကျောင်းဖွင့်သည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်သော်လည်း ကျောင်းအပ်နောက်ကျသော ကျောင်းသူ ကျောင်းသားများကြောင့် ကျောင်းသားရေးရာသည် ဆူညံ သက်ဝင်နေဆဲ.....။
အရေးထဲ ဓါတ်ပုံ ကျန်ခဲ့၍ အဆောင်ကို တစ်ခေါက်ပြန်ယူရသေးသည်။
မနက် (၁၁) နာရီ ထိုးတော့မည်ဖြစ်သော်လည်း လူက ပိုလို့ပင်များလာသည်။
သူ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
သူ စာသင်ခန်းဆီ သွားချင်လှပြီ....။
လင်းကနဲ သူ့ခေါင်းထဲ အကြံတစ်ခုရောက်လာသည်...။
နေ့ခင်းမှ ကျောင်းအပ်ဖို့ ဆုံးဖြတ်ကာ သူ စာသင်ခန်းတွေဆီ ခြေဦးလှည့်လိုက်သည်.....။
ဘယ်သူမှတော့ မောင်းမထုတ်လောက်ပါဘူး ဟု သူ့ဘာသာတွေးရင်း သူ ပြုံးမိသေးသည်....။
အချိန်ဇယားအရ သူသွားရမည့် အခန်းသည် Drawing အခန်းဖြစ်သည်။
အရေးထဲ အခန်းက တော်တော်နဲ့ရှာမတွေ့....။
ဟိုလျှောက် ဒီလျှောက်နဲ့ သူချွေးပျံချင်လာပြီ။
ဘယ်သူ့ကိုမေးရင်ကောင်းမလဲ...၊ ကျောင်းသားရေးရာကိုပဲ ပြန်ပြေးရမလား...ဝေခွဲမရ ဖြစ်နေတုန်း.....

'' ဟိတ်...ဘယ်အခန်းကို ရှာနေတာလဲ" ...... "ဘယ်မေဂျာကလဲ".... "ဒီနေ့မှ ကျောင်းလာတက်တာလား"

အသံကြားရာ သူ လှည့်ကြည့်လိုက်တော့...... မေးခွန်းတွေ တစ်ယောက်တစ်ခွန်းမေးပြီး သူ့ကို စိုက်ကြည့်နေတဲ့ ကောင်မချောချောလေး (၃) ယောက်။ ပြီးတော့ ရွှန်းလဲ့ တောက်ပသော မျက်ဝန်းတစ်စုံ......။
ပျိုမျစ်နုနယ်မှုနဲ့ အပြိုင် လှပနိုင်လွန်းသော သူမ....
ပြုံးနေသော နှုတ်ခမ်းလေးတွေက ဆွဲဆောင်မှုရှိသော်လည်း တောက်ပသော မျက်ဝန်းများကို မမီ.....။
ထူထဲသော မျက်ခုံးများအောက်မှာ တောက်ပသော မျက်ဝန်းတစ်စုံက သူ့ နှလုံးသားကို တဒင်္ဂ သိမ်းပိုက်ထားသည်.....။

"ဟိတ်...မေးတာဖြေအုံးလေ....ဘယ်ကို သွားမလို့လဲ၊ အချိန်မရဘူးနော် မပြောရင်လဲ သွားတော့မယ်"

မျက်ဝန်းလေးဆီက စကားသံထွက်လာသည်......

"နေ..နေပါအုံး...ကျွန်တော် က အီးစီ ကပါ...ဒီနေ့မှ ကျောင်းတက်တာ...Drawing ခန်းလိုက်ရှာနေတာပါ"

"EC Drawing ခန်းက D zero ကို ခဏ ရွှေ့ထားတယ်....D zero ဆိုတာ ဟိုမှာ ကောင်လေးတွေ ရပ်နေတဲ့နေရာ တွေ့တယ် မဟုတ်လား.....အဲဒီဘေးက အခန်းပဲ....အနားရောက်ရင် ထပ်မေးကြည့်လိုက်"

အားလုံးက ခင်မင်ချင်စရာ ကောင်းလှသလို ကူညီချင်စိတ်လဲရှိကြသည် ဟု သူ ထင်သည်......။
မျက်ဝန်းလေးကို တစ်ချက်ငေးရင်း သူတို့ ပြောတဲ့အတိုင်း သူ ထွက်လာခဲ့သည်။
အနားရောက်တော့ သေချာအောင် အတန်းကြီးဖြစ်ပုံရသော ကျောင်းသားတစ်ယောက်ကို မေးကြည့်လိုက်သည်။

"အကို...D zero ဆိုတာ ဘယ်အခန်းလဲ"

"D zero ဆိုတာ ဒီအခန်းပဲ"

"ဟာ....အိမ်သာကြီးပဲ....."

" အေးလေ...ဘာဖြစ်လို့လဲ"

"ဘာ ဘာမှ မဖြစ်ပါဘူး....ကျေးဇူးပဲ အကို"

သူ့ ကို မျက်ဝန်းလေးတို့ (၃) ယောက် ချောက်ချလိုက်မှန်း သိလိုက်သော်လည်း စိတ်မဆိုးတဲ့ အပြင် သူ့စိတ်ထဲ ပျော်တောင်ပျော်မိသလိုလို......။ Drawing ခန်းဆီလဲ ရောက်မည်မထင်တော့....။
ဒါနဲ့ နောက်ဆုံးတော့ D zero အိမ်သာထဲ ဝင်ပြီး အိမ်သာနံရံမှာ မျက်ဝန်းလေးပုံကို စိတ်မှန်းနဲ့ ပုံကြမ်းဆွဲ...အောက်မှာ ကဗျာလေး တစ်ပုဒ်ရေးလိုက်မိတယ်.....။

မျက်ဝန်းလေးသို့

သူစင်ကြယ် မြေမှာကျ
နတ်ပျိုမရဲ့ ရင်ခွင်ဆီ
ကြယ်ကြွေပြီလေ....

မျက်ဝန်းစကား
နှလုံးသားသိစေ....

သီချင်းတံခါး
အပြုံးများပြည့်နေ....

ချစ်ခြင်းများ
မျက်ဝန်းများ သိပါစေ....။

ခိုင်မင်းခ


စာမျက်နှာ (၄)

မမြင်ရသော ကြိုးများက ဖြတ်တောက်ရန် ပို၍ ခက်ခဲလွန်းလှသည်.....။ ( ခိုင် မင်း ခ )

စာမျက်နှာ (၅)

ကျောင်းစတက်သည်မှာ တစ်ပတ်ပင် ပြည့်တော့မည်.... မျက်ဝန်းလေး နဲ့ သူ ပြန်မတွေ့သေး...။
အီးစီက မဟုတ်တာတော့ သေချာလောက်သည်။
အီးစီအခန်းတွေထဲမှာ မျက်ဝန်းလေးကို သူရှာမတွေ့....။
ဒါဆို ဘယ်မေဂျာကလဲ....။ နာမည်လဲ သူ မေးမထားမိ...။
ဒီနေ့ ကိုဂျွမ်းချိန်ပြီးတော့ ဘရိတ်ချိန်...D zero ဘက်ကို သူထွက်လာခဲ့ပြန်သည်....။
အရင်တစ်ခါလိုများ မျက်ဝန်းလေး တို့ သုံးယောက်ကို တွေ့လေမလား ဆုတောင်းရင်း....။
D zero နားမှာ မယောင်မလည် တဝဲလည်လည်ဖြစ်နေတတ်သော သူ့ကို D zero ကြီးကတော့ သနားနေလောက်ပြီ...။
ဒီနေ့လဲမတွေ့...၊
ရင်မောရပါလား....ကောင်မလေးရယ်....။

စာမျက်နှာ (၆)

စာကြည့်တိုက်မှာ စာအုပ်တွေ စုံလှသည်...။
သိုးဆောင်းဘာသာဖြင့် ရေးထားသော ကဗျာစာအုပ်တစ်အုပ် ရွေးအပြီး သူလှည့်အထွက်.....
"အွတ်..."
ခပ်မာမာအရာတစ်ခုက သူ့ နံစောင်းကို လာဆောင့်သည်၊
သူမော့ကြည့်လိုက်တော့ ပုံဆွဲ T ကြီးကိုကိုင်ကာ မျက်လုံးအဝိုင်းသားနဲ့ သူ့ကို ကြည့်နေသော မျက်ဝန်းလေး....။
နံစောင်းက နာကျင်မှုကို သူမေ့လျော့သွားခဲ့ပြီ.....။

”ဆော်ရီးနော်..တောင်းပန်ပါတယ် ဝသုန် မမြင်လို့ပါနော်”

”ဘယ်နားနာသွားလဲဟင်”

”အာ ရတယ်...ရတယ် ကိစ္စ မရှိပါဘူး၊ ကျနော်ကလဲ အရင်စလို လှည့်လိုက်မိလို့ပါ...ရပါတယ်”

”မဟုတ်တာရှင် အားနာလိုက်တာ...ဒီလိုဆိုလဲ ကန်တင်းန်မှာ တစ်ခုခုလိုက်စားပါလား”

”နေပါစေဗျာ...နေပါစေ....ဘာကျွေးမှာလဲ..အ ဟဲ”

”ရှင်ကလဲ နောက်တတ်သားပဲ...ဟိုတစ်ခါတုန်းက ကျမတို့ ရှင့်ကို ကျပ်လိုက်မိတာလဲ ဆောရီးပါနော်”
”ဒါနဲ့ ရှင့်နာမည်က....”

”ကျနော့် နာမည် ခိုင်မင်းခ ပါ ဝသုန်

ဒီလိုနဲ့ မျက်ဝန်းလေး နဲ့ သူ ခင်မင်ရင်းနှီးခွင့်ရခဲ့လေသည်....။


စာမျက်နှာ (၇)

နယ်မြို့လေး တစ်မြို့တွင် သူ့ကို မွေးဖွားခဲ့သည်။
အတန်းထဲတွင် သူသည် အဆင့် ၁၈ ကိုသော်လည်းကောင်း အဆင့် ၂ ကိုသော်လည်းကောင်း ရတတ်သည်။
နွမ်းပါးသော မိသားစုမှ ဆင်းသက်လာသော သူ့အတွက် ကဗျာရေးခြင်းသည်သာ အကောင်းဆုံး အဖော်မွန် ဖြစ်ခဲ့သည်...။
လကုန်ခါနီးရက်များသည် သူ့အတွက် ခါးသီးလွန်းလှသည်....။
သို့သော်....သူ့တွင် သူ့ကို အရမ်းခင်သော သူငယ်ချင်း (၈)ယောက်ရှိလေသည်။
သူငယ်ချင်းများက သူ့ကို ခခ ဟုခေါ်ကြသည်....။
ထိုအထဲတွင်မှ သူ၏ မျက်ဝန်းလေး ဝသုန် သည်......

စာမျက်နှာ (၈)

ပန်းခင်းလမ်းကိုမှ လိုချင်ရင် အချစ်စစ်ကို သင်မြင်မည်မဟုတ်....။ ( ခိုင် မင်း ခ )


စာမျက်နှာ (၉)

မျက်ဝန်းလေးနဲ့သူ ခင်မင်ခဲ့ကြသည်မှာ ဘာလိုလိုနဲ့ သုံးနှစ် အတိုင်းအတာသို့ ရောက်လာခဲ့ပြီ...။
ဘရိတ်ချိန်တွေဆို မျက်ဝန်းလေး တို့ စီဗယ်ခန်းဘက်ကို သူသွားတတ်သည်...။
သူငယ်ချင်းတွေ စ သော်လဲ သူစိတ်မဆိုးနိုင်ခဲ့...။
Lab ခန်းထဲမှာ သူ ကဗျာတွေ ရေးသည်...။
သူ၏ ဒိုင်ယာရီ စာအုပ်သည် မျက်ဝန်းလေး အကြောင်း ရေးဖွဲ့ထားသော ကဗျာများဖြင့်
ပြည့်နေသော်လည်း မျက်ဝန်းလေးကို တစ်ကြိမ်တစ်ခါမှ သူ ဖွင့်ပြောမပြခဲ့....။
သူ့အနားမှာ မျက်ဝန်းလေးရှိသော အချိန်များသည် သူ့ဘဝရဲ့ အပျော်ဆုံး အချိန်များ ဖြစ်ခဲ့သည်...။
မျက်ဝန်းလေးကို သူ အရမ်းချစ်သည်...။
အရမ်းမြတ်နိုးသည်...။
မျက်ဝန်းလေး သည်လည်း သူ့ကို ချစ်နေလိမ့်မည် ဟု သူထင်သည်...။

နေ့ရက်တစ်ရက်ကိုတော့ သူ မျှော်မိသည်....။
အဲဒီနေ့ကျရင်... သူ အရမ်းပျော်ရွှင်နေလိမ့်မည်....။
မျက်ဝန်းလေးသည် သူ့ အတွက် လရောင်ဆမ်းသော အိပ်မက်ချို ဖြစ်သည်...။


စာမျက်နှာ (၁၀)

“ဟေ့ကောင် ခခ ... မင်းကို ဝသုန် ရှာနေတယ်...”

ညနေခင်း ဖြစ်သည်...။
ကျောင်းရှေ့ လက်ဖက်ရည်ဆိုင်တွင် သူ တစ်ယောက်တည်း ရှိနေတုန်း
ကိုကိုအောင်၊ သက်လွင်ဦး၊ အတာဇော်၊ ကိုအေးကျော် နဲ့ မြတ်ကျော်ခိုင်တို့ ရောက်လာကြသည်...။
သူငယ်ချင်းတွေ စကားမဆုံးခင် သူ ကျောင်းဘက်ကို ထွက်လာခဲ့သည်...။

ငုရွှေဝါဆောင်ရှေ့မှာ သပြေ၊ မစိုးစံ နဲ့ မချောစုတို့ကို သူလှမ်းတွေ့သည်....။
သူ့ကိုမြင်တာနဲ့ သပြေက အဆောင်ထဲကို အော်ခေါ်လိုက်သည်...။

“ဝသုန် ရေ....ငါ့ မောင်လေးလာတယ် ဟေ့...”

သိပ်မကြာပါ....စက်ဘီးတစ်စီးနဲ့အတူ သူချစ်သော မျက်ဝန်းလေး ထွက်လာသည်....။
ဖြူသော အသားအရေနှင့် အစိမ်းရောင်ဝတ်စုံ လိုက်ဖက်လွန်းလှသည် ဟု သူထင်သည်....။

“ဘုရားကြီးဘက်သွားရအောင်” ဟု မျက်ဝန်းလေး က ဆိုလာသည်...။

ထူးထူးခြားခြား သူ့ ရင်တွေခုန်လွန်းလှသည်....။
စက်ဘီးကို သူနင်းထွက်တော့ မျက်ဝန်းလေး ဆီမှ ကိုယ်သင်းနံ့ကို သူရှူရှိုက်မိသည်....။

“ခခ...နင်းလေဟာ...အားမရှိဘူးလား....ငါက မြန်မြန်စီးချင်တာ..ဟ”

“အော်..အေးပါ ဝသုန်ရယ်....”

ပြောရင်း အရှိန်နဲ့ စက်ဘီးကို နင်းထွက်ခဲ့သည်....။

“ဝသုန်...နင် ရန်ကုန်ပြန်မလို့ဆို...”

သူ့အမေးကို မျက်ဝန်းလေး ပြန်မဖြေပါ...။

“ဒီအချိန်ဆို ဘုရားကြီးပေါ်မှာ ပူနေအုံးမှာပဲနော်...ခခ...ဘယ်ကို အရင်သွားရင် ကောင်းမလဲ”
“လေယာဉ်ကွင်းထဲ စက်ဘီးလျှောက်စီးရရင် ကောင်းမယ်...ဟာ မဖြစ်သေးပါဘူး
နင်နဲ့ငါ့ကို သူများတွေ အထင်လွဲလိမ့်မယ်...ဒါဆို နဂါးရုံဘုရားကို နင်းဟာ...”

တစ်ယောက်တည်း စကားပြောနေသော မျက်ဝန်းလေးကြောင့် သူ ရယ်မောမိသည်....။

“မေးတာ ဖြေအုံးလေ...ဝသုန်ရဲ့....မနက်ဖန် ရန်ကုန်ပြန်မလို့ဆို ငါ့ကိုသပြေကပြောလို့....
ဘယ်လောက်ကြာမှာလဲ....ဟိုမှာ”

“ဆယ်ရက် ဒါမှမဟုတ်ရင် တစ်သက်လုံး....”

“မနောက်ပါနဲ့ ချစ်သူရယ်...ငါက လွမ်းကျန်ခဲ့မယ့် ကောင်မို့ပါ....”

စိတ်ထဲက သူ ပြောနေမိတယ်....။

“စာမေးပွဲလဲ နီးနေမှ ဝသုန်ရယ်...ဘာလို့ ပြန်မှာလဲ ဟင်”

ဒီတစ်ခါလဲ သူ့အမေးကို မျက်ဝန်းလေး ပြန်မဖြေပါ...။
ဟိုး အဝေးကို ငေးရင်း...ဘာတွေ စဉ်းစားနေပါသလဲ ချစ်သူရယ်....။

နဂါးရုံဘုရားကအပြန် စတိုင်လ်မှာ ခဏ ထိုင်ကြသည်...။
ကျစိမ့် (၂)ခွက်ဟု ပြိုင်တူ မှာမိ၍ ရယ်ဖြစ်ကြသေးသည်...။

“ဝသုန် နင် အဆောင်ပြန်ဝင်ဖို့ နောက်ကျနေအုံးမယ် ဘုရားကြီးပေါ်ကို
နင်ရန်ကုန်က ပြန်လာတော့မှ သွားကြမယ်လေ...”

“ငါ ဒီနေ့ည အဆောင်မပြန်တော့ဘူး...ခခရဲ့ မနက်ဖန် ရန်ကုန်ပြန်မှာမို့လို့ အောင်ဆန်းထဲက
အန်တီဝေတို့အိမ် သွားအိပ်မယ်လို့ အဆောင်မှုး မာမီဒေါ်ဝင်းမေကို ပြောလာခဲ့တယ်”
“ဒီည ငါ နင့်ကို စကားတွေ အများကြီး ပြောချင်တယ်...ခခရယ် ”


စာမျက်နှာ (၁၁)

ဘုရားကြီးရဲ့ ကောင်းကင်မှာ လမင်းက သာလွန်းလှသည်...။
အေးမြသော ဆောင်းဦးလေ က မျက်ဝန်းလေး၏ ဆံနွယ်များကို တိုးဝှေ့ ကျီစားလျက်....။
ဘာစကားမှ မပြောဖြစ်ကြသေး.....။
သူ မျက်ဝန်းလေး ကို မသိမသာ ငေးကြည့်နေရင်း သက်ပြင်းချမိသည်...။

ခဏကြာတော့....ဝသုန်က

“ခခ...အချစ်ဆိုတာ ဘာလဲဟင်..ပြီးတော့ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ...”

မမျှော်လင့်သော အမေးကြောင့် သူ ခဏတော့ ငြိမ်သွားသည်...။

“အချစ်ဆိုတာ စွန့်လွှတ် အနစ်နာခံခြင်းလဲ ဖြစ်ချင်ဖြစ်မယ်...ရယူ ပိုင်ဆိုင်ခြင်းလဲ ဖြစ်ချင်ဖြစ်မယ်၊
ဒါပေမယ့် အချစ်ဆိုတာ တကယ် ရင်ထဲ အသည်းထဲက...အသွေးအသားထဲက
တကယ် နှစ်နှစ်ကာကာ ချစ်နေဖို့ပဲ လို့ ငါထင်တယ် ဝသုန်...”

“လူတစ်ယောက်ကို ချစ်မိရင် သူ့ အတွက် ဘယ်အရာကိုမဆို ရင်ဆိုင်ရဲတဲ့ စိတ်ဟာ အချစ်ပဲ...
သူ့ကို အမြဲတွေ့ချင် မြင်ချင်တယ် အနားမှာ သူ အမြဲ ရှိနေစေချင်တယ်....တကယ်လို့ မတွေ့နိုင်တော့ဘူး
ဆိုရင်တောင် သူ့ အကြောင်းတွေးပြီး ပျော်နေမယ်...လွမ်းနေမယ်...ကြည်နူးနေမယ်...ငိုနေမယ်...အဲဒါဟာ အချစ်ပါပဲ...ဝသုန်ရယ်”

သူ့စကားအဆုံးမှာ မျက်ဝန်းလေး ရဲ့ မျက်ဝန်းမှာ မျက်ရည်စတို့ကို သူတွေ့လိုက်ရသည်...။

“မငိုပါနဲ့ ဝသုန်ရယ်...ငါ ပြောနေတာ ငါ့ နှလုံးသားက လာတဲ့ စကားတွေပါ...
နင်ကလဲ ဒီနေ့ကျမှ ငါ့ကို ဒါတွေ လာမေးနေတယ်...စာမေးပွဲ နီးပြီလေ စာလေးဘာလေးလဲ ကျက်အုံး”

မျက်ဝန်းလေး ငိုပါသည်...။
ရှိုက်ကြီးတငင် ငိုပါသည်...။
အငိုကြားမှ စကားတစ်ခွန်းကို သူမ ဆို၏။

“ခခ...ငါ့ကို အိမ်က အိမ်ထောင်ချပေးကြတော့မယ်...တဲ့”

သူ့တစ်ကိုယ်လုံး ချာချာလည်ကာ အဝေးကြီးကို လွင့်ထွက်သွားသလို ခံစားလိုက်ရ၏...။
မျက်ဝန်းလေးသည်လဲ ငိုနေဆဲ...။
လမင်းကလဲ သာနေဆဲ....။


စာမျက်နှာ (၁၂)

ဂျီတီအိုင် နောက်ဆုံးနှစ် စာမေးပွဲကို မျက်ဝန်းလေး လာမဖြေခဲ့ပါ....။
အိမ်ကစီစဉ်သော ခင်ပွန်းသည် နေထိုင်ရာ ကမ္ဘာ၏ တစ်ဘက်ခြမ်းသို့ အပြီး လိုက်ပါသွားခဲ့လေပြီ...။
သူ မျက်ဝန်းလေးကို ဘယ်တော့မှ မမေ့ပါ...။
အပြစ်လဲ မတင်ရက်ပါ....။


စာမျက်နှာ (၁၃)

မျက်ဝန်းတစ်စုံက လူကို သေစေနိုင်သည်....။ ( ခိုင်မင်းခ )

ပြီးပါပြီ.....

ဤဝတ္ထုတွင် ပါဝင်သောပစ္စည်းများ

အိပ်မက် ၂၅%
စိတ်ကူး ၂၅%
ဘဝ ၁၅%
အချစ် ၃၀%
မျက်ရည် ၅%


လေးစားစွာဖြင့်.......
.......................................................သူစင်ကြယ်................................................................................................



2 comments:

  1. ကောင်းလိုက်‌တာ ကိုသူစင်‌ကြယ် ဘုရားကြီးပတ်ဝန်းကျင်ကိုပြန်လွမ်းမိသွားတယ် အဲလိုဖြစ်နေရမှာ ရင်ထဲမှာတစ်
    ခုခုကျန်နေခဲ့ရမယ်

    ReplyDelete